(၇)နှစ်သမီးလေး မှားယွင်းပြီးမှာလိုက်တဲ့အော်ဒါကို Delivery သမား(၄၂)ယောက် သွားရောက်ပို့ဆောင်ခဲ့ရသောဖြစ်ရပ်

နှေးကွေးတဲ့အင်တာနက်လိုင်းဆွဲအားနဲ့ အပ်ပလီကေးရှင်းစနစ်ချို့ယွင်းမှုတွေဟာ သင့်ကို ကံကောင်းဆိုးမှုတစ်ခုနဲ့ ကြုံတွေ့သွားစေနိုင်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၅)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ အသက်ခုနနှစ်အရွယ်သာရှိသေးတဲ့ ကလေးမလေးတစ်ယောက်ဟာ အစားအသောက်တွေကို ဖုန်းအပ်ပလီကေးရှင်းကတစ်ဆင့် မှားယွင်းပြီးအော်ဒါမှာခဲ့မိတာကြောင့် food panda အစားအသောက်ပို့ဆောင်ရေးသမား(၄၂)ယောက်ခန့်ဟာ တစ်ပြိုင်နက်တည်း အိမ်ကိုရောက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။

Image Credit : Dan Kayne Suarez

ထိုအဖြစ်အပျက်ဟာ Dan Kayne Suarez ဆိုသူရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်ခဲ့မှုကြောင့် တနှင့်တပိုးကြောက်မက်ဖွယ် food panda ပို့ဆောင်ရေးသမားများစုဝေးပွဲကြီးအဖြစ် ပျံ့နှံသွားခဲ့ပါတယ်။

Image Credit : Dan Kayne Suarez

ထိုသူရဲ့အဆိုအရ က‌လေးမလေးဟာ မိဘနှစ်ပါးအလုပ်သွားနေချိန် သူမနဲ့ သူမရဲ့အဘွားအတွက် ကြက်ကြော်နှစ်ဘူးကို မှာယူဖို့ကြိုးပမ်းခဲ့တာဖြစ်ပြီး သူမရဲ့မိဘတွေကလည်း သူမကို အပ်ပလီကေးရှင်းအသုံးပြုပုံကို သင်ကြားပေးခဲ့ဖူးတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ အလွန်နှေးတဲ့အင်တာနက်လိုင်းဆွဲအားကြောင့် အဆိုပါအပ်ပလီကေးရှင်းဟာ သူမရဲ့အော်ဒါမှာယူမှု၌ ချို့ယွင်းမှုတစ်ခုဖြစ်ခဲ့ကြောင်း ထပ်တလဲလဲပြနေခဲ့ပါတယ်။ အကြိမ်လေးဆယ်ကျော်ကြိုးစား အော်ဒါမှာခဲ့ပြီးနောက်မှာ အောင်မြင်ခဲ့ပေမဲ့ ကလေးမလေး သတိမထားလိုက်မိတာက ရှေ့ကမှာယူခဲ့တဲ့အော်ဒါတွေလည်း အောင်မြင်သွားခဲ့တယ်ဆိုတာပါပဲ။

Image Credit : Dan Kayne Suarez

သူမဟာ ပို့ဆောင်ရေးသမားတွေ အစုလိုက်ကြီးကို မြင်တွေ့လိုက်ရတဲ့အချိန်မှာတော့ ငိုပါတော့တယ်။ ကြက်ကြော်တစ်ဘူးအတွက် (189)ပီဆိုးနဲ့ သူမရဲ့များပြားလှတဲ့မှာယူမှုတွေအတွက် (7938)ပီဆိုးပေးဆောင်ရမှာဖြစ်ပြီး သူမအတွက်တော့ မှာယူမှုတစ်ခုအတွက်သာ ပေးချေဖို့ငွေရှိခဲ့တာဖြစ်ပါတယ်။

Image Credit : Dan Kayne Suarez

“ကလေးမလေးကငိုနေတာ သူမ ဘာဖြစ်ခဲ့တယ်ဆိုတာတောင်မသိဘူး အရမ်းသနားဖို့ကောင်းတယ်”လို့ Suarez က Sun Star သတင်းစာတိုက်ကို ဖြေကြားခဲ့ပါတယ်။ အခြားတစ်ယောက်ရဲ့ပြောကြားချက်အရ Suarez အပါအဝင် ကလေးမလေးရဲ့အိမ်နီးနားချင်းတွေဟာ ပို့ဆောင်ရေးသမားတွေဆီက ကြက်ကြော်ဘူးတွေကို ခွဲဝေဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ အိမ်နီးနားချင်းတွေဝယ်နေစဉ်မှာ အချို့ပို့ဆောင်ရေးသမားတွေဟာ ငွေပေးချေမှုတောင် လက်မခံတော့ဘဲ သူတို့ရဲ့နောက်ထပ်အမှာတွေကိုပို့ဆောင်ဖို့ ထွက်ခွာသွားခဲ့တယ်လို့လည်း သိရပါတယ်။

Image Credit : Dan Kayne Suarez

မိနစ်နှစ်ဆယ်အကြာ ဗီဒီယိုအဆုံးမှာတော့ လမ်းတစ်ခုလုံးမှာ ပန်းရောင် food panda သမားတွေ ရှင်းသွားခဲ့ပါပြီ။ Suarez ကတော့ မိဘတွေ ကိုယ့်ကလေးတွေ ဖုန်းသုံးနေတာဖြစ်ဖြစ် တစ်ခုခုမှာယူတော့မှာဖြစ်ဖြစ် စောင့်ကြည့်ပေးကြပါလို့ ပြောခဲ့ပါတယ်။

error: Content is protected !!